တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံတွင် ပြည်သူအများ ကြီးပွားချမ်းသာရေးအတွက် အများကောင်းစားရေးဝါဒကို လက်ကိုင်ဆွဲသည့် ၀ံသာနုမျိုးချစ်စိတ်ဓါတ်ပြည့်ဝပြင်းထန်သူ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ပေါ်ပေါက်ခဲ့ဖူးသည်။ ထိုသူကား ဦးမြဖြစ်၏။ မိဘဘိုးဘွားများနှင့်အတူ အထက်အညာ စစ်ကိုင်းဘတ်မှ ဟင်္သတသို့ ပြောင်းရွေ့ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သဖြင့် ဟင်္သတဦးမြဟု ထင်ရှားခဲ့သည်။ ဦးမြက တိုင်းပြည်ကောင်းစားရေးအတွက် စီးပွားရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်သည်။ သူ့တွင် ဆီစက်၊ ဆန်စက်၊ ဆပ်ပြာစက်၊ ရေခဲစက်၊ သစ်စက်၊ ဆေးတံသောက်ဆေးစက်၊ စက္ကူစက်၊ သံရည်ကျိုစက်များ ရှိသည်။ ဓါတ်သတ္တုရှာဖွေရေး၊ ရေနံရှာဖွေရေးလုပ်ငန်းများလည်း လုပ်သည်။ ငွေအားလည်း တောင့်တင်းသူဖြစ်သဖြင့် အလုပ်သမားများစွာနှင့်
နိုင်ငံခြားသားများကို ယှဉ်လျှက်လုပ်ကိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံခြားနှင့်ဆက်သွယ်လုပ်ကိုင်ရသည့် သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ကိုယ်စားလှယ်လုပ်ငန်းများကိုလည်း လုပ်ကိုင်သေးသည်။ တစ်ချိန်က ရန်ကုန်မြို့ကုန်ဈေးတန်းတွင် “ဦးမြနှင့်သားများ ကုမဏီလီမိတက်” ဟူ၍ ရှိခဲ့ဖူးသည်။ ဦးမြကား ပြောစမှတ်တွင်ရလောက်အောင် အလုပ်နှင့်လက်မပြတ်သည့် ပုဂ္ဂိုလ်ဖြစ်သည်။ သူက စီးပွားရေးတွင်လည်း အောင်မြင်သည်။ တစ်ကြိမ်တွင် ဦးမြက ရုရှနိုင်ငံလုပ်မော့စ်ဗစ်ကားနှင့် ချက်ကိုစလိုဗက်ကီးရားနိုင်ငံလုပ် စကိုဒါကားများကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် မှာယူတင်သွင်းပေးခဲ့သည်။ တန်ဖိုးငွေကျပ် တစ်သောင်းမျှဖြင့် ပြန်လည်ရောင်းချသဖြင့် တွင်ကျယ်ခဲ့သည်။ ဦးမြက မြန်မာ့စီးပွားရေးလုပ်ငန်းကို နိုင်ငံခြားသားများ လွှမ်းမိုးချယ်လှယ်နေသည်ကို မနှစ်မြို့။ သို့ဖြင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကလေးများ ပေါ်ပေါက်လာစေရန် ပြုစုပျိုးထောင်ပေးသည်။ ငွေပင်ငွေရင်း စိုက်ထုတ်ပေးသည်။ စီးပွားရေးနယ်ပယ်တွင် မြန်မာများ အောက်ခြေမှစ၀င်ရမည်ဟု ကြွေးကြော်သည်။ ဦးမြ၏ကြိုးပမ်းမှုကြောင့် ဟင်္သတတွင် သူငွေရင်းနှီးစိုက်ထုတ်ပေးလိုက်သော မြန်မာဆံပင်ညှပ်ဆိုင်၊ ကွမ်းယာဆိုင်များ အလျှိုအလျှို ပေါ်ပေါက်လာခဲ့သည်။ ဦးမြက ကုန်ပစ္စည်းရောင်းချရာ၌ ဈေးကောင်းရသည့်တိုင် လူမျိုးခြားများအား ရောင်းချခြင်းမပြုပဲ မြန်မာလူမျိုးချင်းကိုသာ အနစ်နာခံဈေးလျှော့ရောင်းရန် ဆော်သြသည်။ မိမိကိုယ်တိုင်လည်း ဘာသာရေး၊ လူမှုရေးလုပ်ငန်းများ၌ အားတက်သရော လှူဒါန်းလေ့ရှိသည်။ ဦးမြကား ပြည်ထောင်စုဘဏ်ကြီး၏ ပထမဆုံး ဥက္ကဌ၊ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်း၏ နာယက၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆန်စက်သမားအသင်း၏ နာယကစသည့် တာဝန်များကိုလည်း ယူထားရသူဖြစ်သည်။ ဤမျှမကသေး ဦးမြက နိုင်ငံရေး၌လည်း ထင်ရှားခဲ့သည်။ ဗြိတိသျှခောတ်တွင် ဟင်္သတခရိုင်အနောက်ပိုင်း ဥပဒေပြုလွှတ်တော်အမတ်၊ ဂျပန်ခောတ်တွင် ဟင်္သတခရိုင် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည်။ ဂျပန်တော်လှန်ရေးတွင်လည်း ငွေအားလူအားဖြင့် ထောက်ပံ့ပေးခဲ့သေးသည်။ ဖဆပလအဖွဲ့ချုပ်တွင်လည်း အလုပ်အမှုဆောင်အဖြစ် ပါဝင်သည်။ လွတ်လပ်ရေးရရှိပြီး ဖဆပလအစိုးရတက်လာသောအခါ ဦးမြအား အမျိုးသားစီမံကိန်းနှင့် စက်မှုလက်မှုဌာန ၀န်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဦးမြသည် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ်လည်း ဥရောပနိုင်ငံအနှံ့အပြားသို့ သွားရောက် လေ့လာခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုမစ်ရှင်အဖွဲ့ကို ဦးဆောင်ကာ အန္ဒိယ၊ ရုရှ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဂျပန်စသော နိုင်ငံများသို့ ရောက်ရှိခဲ့သည်။ ဦးမြသည် နိုင်ငံရပ်ခြားမှ တိုးတက်လျှက်ရှိသော စက်မှုလက်မှုလုပ်ငန်းများကို အတုယူကာ မြန်မာတစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ရှေးရှုလျက် မြန်မာနိုင်ငံ၌ အလုပ်ငန်းအများအပြား တည်ထောင်ခဲ့သူဖြစ်သည်။ ဦးမြ၏ အများပြည်သူအကျိုးအတွက် စွမ်းဆောင်မှုများကြောင့် နိုင်ငံတော်က မဟာသီရိသုဓမ္မဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ဟင်္သတဦးမြသည် ၁၉၆၂-၆၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ UMFCCI BUSINESS မဂ္ဂဇင်းမှ ကူးယူဖေါ်ပြသည်။
No comments:
Post a Comment