ဧရာဝတီ အယ်ဒီတာချုပ်ရဲ့ နှစ်သစ်ကူးစကား
၂၀၂၄ ခုနှစ်ဟာ ပဋိပက္ခ၊ ခံနိုင်ရည်နဲ့ ဧရာဝတီသတင်းဌာနရဲ့ တိုးတက်မှုတွေကို သင်္ကေတပြုတဲ့နှစ်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သတင်းစာမျက်နှာတွေမှာ ပဋိပက္ခတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအောင်ပွဲသတင်းတွေ၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု အွန်လိုင်းငွေကြေး လိမ်လည်မှုတွေသာမက တိုင်းပြည်ရဲ့ စီးပွားရေး၊ အမျိုးသမီးရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး စတဲ့အရေးပါတဲ့ သတင်းတွေနဲ့ ပြည့်နေပါတယ်။
ဒါ့အပြင် ရေလွှမ်းမိုးမှုနဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးရွားလှတဲ့ ထိခိုက်မှုတွေကို အာရုံစိုက်ပြီး အဲဒီအရေးပေါ်ပြဿနာ တွေကိုပါ ကျနော်တို့ စူးစူးစိုက်စိုက် တိတိကျကျ မှတ်တမ်းတင်ခဲ့ပါတယ်။
ကျနော်တို့ရဲ့ သတင်းတွေဟာ မြန်မာနယ်နိမိတ်ကို ကျော်ပြီး တရုတ်-မြန်မာရေးရာနဲ့ ထိုင်း-မြန်မာရေးရာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြခဲ့သလို စာဖတ်သူတွေကြား ပဲ့တင်ထပ်မယ့် နက်ရှိုင်းတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကိုပါ ဖြည့်ဆည်း ပေးခဲ့ပါတယ်။
ဒီလိုရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေမှာ ရှုထောင့်အမြင်တွေကို ပေါင်းကူးပေးပြီး နက်နက်ရှိုင်းရှိုင်း သုံးသပ်တင်ပြနိုင်တာ ကြောင့် ဒီနယ်ပယ်မှာ ကျနော်တို့ အကောင်းဆုံးဖြစ်တယ်လို့ ပြောရတာ ဂုဏ်ယူပါတယ်။
မြန်မာနိုင်ငံဟာ ငြိမ်းချမ်းတဲ့ နိုင်ငံရေး အပြောင်းအလဲအတွက် မျှော်လင့်ချက်ကင်းမဲ့နေပြီး မတည်မငြိမ် ဆက်လက် ဖြစ်နေဆဲပါ၊ ဒီအတွက် ပြည်ပရောက် သတင်းမီဒီယာ အသိုင်းအဝိုင်းဟာ ဒုက္ခတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ မသေချာမရေရာမှုတွေ ကြုံတွေ့ပါစေ ပိုအားကောင်းလာအောင် နည်းလမ်းတွေ ရှာရမှာဖြစ်သလို နေ့စဉ်လုပ်ငန်း ဆောင်တာတွေ ဆက်လက်ရှင်သန် ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းကြရဦးမှာပါ။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေ မရှိရင် ဒီမိုကရေစီ မထွန်းကားနိုင်တဲ့အတွက် ဒီအရေးကို ထိန်းသိမ်းဖို့ ကျနော်တို့ သန္နိဌာန်ချထားပါတယ်။ ဒါကြောင့်လည်း အကူအညီပေးနေတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့ ပြည်ပရောက် မြန်မာသတင်းမီဒီယာတွေကို ဆက်လက်ပံ့ပိုးပေးသွားဖို့ မျှော်လင့်ပါတယ်။
စိန်ခေါ်မှုတွေကြား တိကျတဲ့ သတင်း၊ ယုံကြည်ရတဲ့ အချက်အလက်တွေ၊ အတွေးကြွယ်စေမယ့် သုံးသပ်စိတ်ဖြာချက် တွေနဲ့ မျက်စေ့ကျယ်စေမယ့် သတင်းပုံရိပ်တွေကို စာဖတ်သူဆီ ယူဆောင်လာဖို့ ကျနော်တို့ သန္နိဋ္ဌာန်ချထားပါတယ်။
ကျနော် တို့ရဲ့ YouTube စာမျက်နှာဟာ ၂၀၂၄ခုနှစ်အတွင်း အရေးပါတဲ့ သမိုင်းမှတ်တိုင်ကို ရောက်ခဲ့ပြီး ပင်တိုင်ကြည့် ရှုသူ တသန်းကျော်တဲ့အထိ ဆက်လက်ကြီးထွားနေပါတယ်။ ပြည်တွင်း ပြည်ပက သစ္စာရှိပြီး ကျယ်ပြန့်တဲ့ ကျနော်တို့ရဲ့ ပရိသတ်ဟာ ကျနော်တို့ အမှတ်တံဆိပ်နဲ့ ကျနော်တို့ဖေါ်ပြတဲ့ အကြောင်းအရာတွေရဲ့ အရည်အသွေးအတွက် သက်သေခံချက်တွေပဲ ဖြစ်ပါတယ်။
Happy New Year to you all!
အားလုံးအတွက် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။
အောင်ဇော် အယ်ဒီတာချုပ်
|
No comments:
Post a Comment